အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါအကြောင်း
ကင်ဆာရောဂါဟာ အချိန်မီ မသိရှိနိုင်ခဲ့ရင် လူ့အသက်ပေါင်းများစွာကို နှုတ်ယူနိုင်တဲ့ ရောဂါဆိုးကြီးပါ။ ကင်ဆာအမျိုးအစားပေါင်း များစွာရှိပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကလည်း မတူကြပါဘူး။
"ယောကျာ်းမှာဆီး၊ မိန်းမမှာမီး" ဆိုတဲ့စကား ရှိပါတယ်။ အမျိုးသားတွေမှာ အဖြစ်အများဆုံးသော ကင်ဆာရောဂါကတော့ ဆီးနဲ့ပတ်သက်တဲ့ ဆီးကျိတ်ကင်ဆာပါ။
ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက်ဖက်၊ အစာဟောင်းအိမ်ရဲ့ အရှေ့မှာ ရှိတဲ့ သစ်ကြားသီးအရွယ်ခန့် ဂလင်းတစ်ခု ဖြစ်ပြီး ဆီးပြွန်ကနေ အောက်ဖက်ကို ဆင်းလာတဲ့ Urethra ခေါ် ဆီးလမ်းကြောင်းရဲ့ အပေါ်ပိုင်းကို ရစ်ပတ်ထားတဲ့အတွက် ဆီးကျိတ်မှာ ပြဿနာတစ်ခုခု ရှိရင် ဆီးသွားခြင်းနဲ့ လိင်ဆက်ဆံခြင်းတွေ အပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။
သုတ်လွှတ်ချိန်မှာ ဆီးကျိတ်အတွင်းရှိ ပြွန်လေးတွေက အရည်တွေကို ဆီးလမ်းကြောင်း (Urethra) ထဲကို ပို့ဆောင်ပေးပြီး ထိုအရည်တွေဟာ ဆီးကျိတ်ဘေး တစ်ဖက်တစ်ချက်မှာရှိတဲ့ Seminal Vesicles က ထုတ်လွှတ်လိုက်တဲ့ အရည်တွေနဲ့ ပေါင်းကာ ဝှေးစေ့က ထုတ်လွှတ်လိုက်တဲ့ သုတ်ကောင်တွေကို ဆီးလမ်းကြောင်းထဲမှာ ပိုမိုလျင်မြန်စွာ သွားနိုင်ဖို့ ကူညီပေးပါတယ်။
ဆီးကျိတ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့
- ဆီးသွားရခက်တာ
- ဆီးအရှိန်နှေးလာတာ
- ဆီးသွားရင်/ သုတ်လွှတ်ရင် သွေးပါတာ
- လိင်တံမထောင်မတ်နိုင်တာ
- အကြောင်းပြချက်မရှိ ပိန်လာတာတွေ ခံစားရတတ်ပါတယ်။
အဖြစ်များတဲ့ လူတွေကတော့
- အသက် ၅၀ အထက် အမျိုးသားတွေ
- အဝလွန်သူတွေ
- ဆီးကျိတ်ကင်ဆာ မိသားစုရာဇဝင်ရှိသူတွေ
- အသားအရောင် မည်းတဲ့ လူမျိုးတွေက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ကုသမှုအနေနဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး…
- ဆီးကျိတ်ကို ခွဲစိတ်ဖြတ်ထုတ်တာ (Radical Prostatectomy)
- ဓာတ်ရောင်ခြည်ပေးတာ (Rdiation Therapy)
- အပူပေးခြင်း သို့မဟုတ် အေးခဲခြင်းဖြင့် ကင်ဆာဆဲလ်တွေကို သတ်တာ (Ablative Therapies)
- ဆီးကျိတ်ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အားပေးတဲ့ တက်စတိုစတီရုန်းဟော်မုန်းတွေ ခန္ဓာကိုယ်ကနေ မထွက်အောင်လုပ်တာ (Hormone Therapy)
- ကင်ဆာဆေးသွင်းတာ (Chemotherapy)
- ကိုယ်ခံအားစနစ်က ကင်ဆာကို ပြန်တိုက်ထုတ်စေတာ (Immunotherapy)
- မူမမှန်တဲ့ ကင်ဆာဆဲလ်တွေကို အဓိကထားပြီး ပိတ်ပင်တားဆီးတာ (Targeted Drug Therapy) စတဲ့ ကုသမှုတွေကို သင့်တော်သလို ပေးလေ့ရှိပါတယ်။
ဆီးကျိတ်ကင်ဆာဟာ စောစီးစွာ ကုသမှုခံယူနိုင်ရင် ၁၀၀% ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေများတဲ့ အုပ်စုထဲမှာ ပါဝင်ပြီး ဆီးကျိတ်ကင်ဆာလို့ သံသယဖြစ်စရာ ရောဂါလက္ခဏာတွေ ခံစားလာရရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ မနှောင့်နှေးပါစေနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်